Come on United

ပြီးခဲ့သော Sunday က Super Sunday ၏ အကောင်းဆုံး ပွဲစဉ်ဟု ပြောလို့ရမယ့် Manchester United vs Manchester City တို့၏ Manchester Derby ပွဲစဉ် ကြည့်ဖြစ်ခဲ့၏။ Derby ပွဲမလို့သာ ကြည့် ဖြစ်တာပါ၊ ကြည့်သာ ကြည့်နေပေမယ့် ကြည့်ရတာ အရသာ မရှိနေပေ။ ဘာလိုလို့ လိုနေမှန်း မသိပေ။ စိတ်ဝင်တစား ထက်ထက်သန်သန် စူးစူးနစ်နစ်လည်း မရှိနေပေ။ ဪ ကန်နေကြတယ်၊ ပြေးနေကြတယ်ပေါ့။ Derby ပွဲမလို့ ကြည့်ပါတယ်ဆိုမှ ကြည့်ခဲ့ဖူးသမျှ Manchester Derby ပွဲတွေထဲ အတော်လေး ပျင်းဖို့ ကောင်းသည့် Derby ပွဲဟု ဆိုရပေလိမ့်မည်။

Man City ကစားသမား De Bruyne ၏ နောက်ဆုံး Manchester Derby ပွဲစဉ်လည်း ဖြစ်နေခဲ့၏။ De Bruyne အနေဖြင့် ရာသီကုန်ရင် Goat ကြီး Ronald ရှိသည့် Saudi Arabia Club Al Nassr သို့ ပြောင်းရွှေ့ ကစားတော့မည် ဖြစ်၏။ 33 နှစ် အရွယ် ကစားသမားအဖို့ ဥရောပလိဂ် ပွဲစဉ်တွေမှာ အပြိုင်အဆိုင် ကစားနိုင်ဖို့ မခက်ခဲလှပေမယ့်လည်း အောင်မြင်မှုတွေ ထိုက်သင့် သလောက် ရရှိခဲ့ပြီးပြီမို့ ကစားသမားဘဝကနေ အနားမယူခင်မှာ ငွေကြေး အားဖြင့် စုဆောင်းဖို့လည်း လိုသည် မဟုတ်လား။ ထို့ပြင် Ronald နဲ့ တသင်းထဲ ကစားရဖို့ဆိုသည့် သူ့ အိပ်မက်လည်း ပြည့်သွားတာပေါ့လေ။ တခုပဲ နှစ်ယောက်လုံးက ငယ်ရွယ်သည့် အရွယ်တွေ မဟုတ်တော့ဘဲ ကစားသမား ဘဝ အနားယူခါနီး အချိန်မှပဲ တွဲကစားကြရခြင်း ဖြစ်၏။

Man City ၏ ယခုနှစ်ပိုင်း အောင်မြင်မှုတွေမှာ အဓိက ဇာတ်ကောင်နေရာမှ ပါဝင်ခဲ့သူမှာ De Bruyne ဟု ပြောရင် လွန်မည် မထင်ပေ။ United fan ပေမယ့် De Bruyne ကိုတော့ သဘောကျမိ၏။ တိုက်စစ်မှူးတွေထက် ကွင်းလယ် ကစားသမားတွေကို ပိုမို သဘောကျ နှစ်ခြိုက်သူ ကျနော့် အဖို့ De Bruyne ကလည်း ကျနော် နှစ်သက်သည့် ကွင်းလယ် ကစားသမား တဦး ဖြစ်ပေ၏။ De Bruyne ၏ ဘောလုံးနဲ့ ပတ်သက်သည့် skill, intelligence တွေကို အတော်လေး သဘောကျမိ၏။ Belgium ၏ ဘောလုံး မျိုးဆက် အခန်းသစ် ဖွင့်လှစ်နိုင်မှု၏ ပြယုဂ်တွေထဲမှာ သူလည်း တယောက် အပါအဝင် ဖြစ်ချေ၏။

နောက်ရာသီတွေမှာတော့ De Bruyne မပါသည့် EPL, De Bruyne မရှိတော့သည့် Manchester Derby ပွဲတွေကိုသာ ကြည့်ရပေတော့မည်။ De Bruyne ကို အားပေးချင်လို့သာ ကြည့်သည် ဆိုပေမယ့် City ကိုလည်း အနိုင်က မရစေချင်ပေ။ ဖြစ်ချင်တော့ United ကလည်း အနိုင် မကစားနိုင်ခဲ့ပေ။ ဘယ်သူ့ ဘယ်သူမှ ဂိုးမသွင်းနိုင်ကြဘဲ ဂိုးမရှိ သရေ ရလဒ်နဲ့သာ ပွဲပြီး သွားခဲ့၏။ United က အခွင့်အရေးတွေ ပိုရခဲ့သည် ဆိုပေမယ့် အဆုံးသတ်ပိုင်းမှာ အားနည်းမှုတွေ ရှိနေခဲ့၏။ လာမယ့် ရာသီသစ်မှာတော့ နည်းပြ Amorim ရဲ့ နည်းစနစ်ပိုင်းနဲ့ အံဝင်သည့် ကစားသမားတွေ ထပ်မံ ခေါ်ယူနိုင်ဖို့ လိုမည် ဖြစ်၏။

သောကြာနေ့ မြန်မာစံတော်ချိန် မနက် 1 နာရီခွဲမှာတော့ Europa League Quarter Final ပွဲစဉ် ပထမကျော့ အဖြစ် Lyon အသင်း၏ အိမ်ကွင်းမှာ သွားရောက် ကစားရဖို့ ရှိနေ၏။ တခုထဲသော ကျန်သည့် မျှော်လင့်စရာ ဖလားမို့ United တို့ သေချာ အာရုံစိုက်ဖို့ လိုမည် ဖြစ်၏။ အသင်း အနေဖြင့် လောလောဆယ် ကစားပုံ ပိုကောင်းလာတာ မှန်ပေမယ့် လိုအပ်ချက်တွေကတော့ ရှိနေသေး၏။ အထူးသဖြင့် အဆုံးသတ် ဂိုးသွင်းယူမှု အပိုင်းမှာပေါ့။ ထိုအချက်ပိုသာ ပြင်ဆင်နိုင်မယ် ကံတရားကလည်း ဖေးမမယ်ဆိုရင်တော့ United တို့၏ Europa League လမ်းကြောင်းက တည့်မတ်နေမှာ အသေအချာပင်။

(photos from Manchester United Facebook page)



0
0
0.000
6 comments