Who Will Semi Finals

Euro 2024 ၏ ကွားတားဖိုင်နယ်ဆင့် အဖွင့်ပွဲစဉ်မှာတော့ Spain က အိမ်ရှင် Germany ကို 2-1 ဂိုးဖြင့် အနိုင်ရပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်၏။ လက်ရှိ ကျင်းပနေတဲ့ Euro ပြိုင်ပွဲမှာ ကြည့်ဖူးခဲ့သမျှ ပွဲတွေထဲ အကောင်းဆုံး ပွဲတပွဲဟု ပြောလို့ ရလောက်အောင် ပွဲကအတော်လေး ကြည့်လို့ ကောင်းလှ၏။ အပြန်အလှန် တိုက်စစ်ဆင် ဖိအားပေးကစားကြပုံလေးတွေက တကယ်ကို လှပလွန်း၏။ နှစ်သင်းလုံး အခွင့်အရေး ဆတူရကြသည်ဟု ပြောလို့ရပေမယ့် ကံတရားက Spain ဖက်မှာ ရှိနေခဲ့၏။ ခြေရည်တူ နှစ်သင်း တွေ့ကြသည့် ပွဲမှာ ပိုကောင်းသည့် အသင်း ဆိုတာထက် ပိုကံကောင်းသည့်အသင်း နောက်တဆင့် တက်သွားသည်ဟုပဲ ပြောရမည် ထင်။

Spain အတွက် ဦးဆောင်ဂိုးကို 51 မိနစ်မှာ Olmo က အရင်သွင်း၏။ Germany အတွက် ချေပဂိုးကို 89 မိနစ်မှာ Wirtz က သွင်းယူပေး၏။ Leverkusen ကစားသမားကတော့ Leverkusen ပုံစံအတိုင်း ပွဲပြီးခါနီးမှ ဂိုးထသွင်းလေ၏။ Germany တို့၏ ဆီမီးဖိုင်နယ် အိပ်မက်ကို ဆက်လက် အသက်ဝင်စေခဲ့၏။ အချိန်ပို 15 မိနစ် နှစ်ပိုင်း ဆက်ကစားကြ၏။ ပင်နယ်တီ အဆုံးအဖြတ် ယူရတော့မယ်လို့ ထင်နေတုန်းမှာပဲ Spain တို့ ဦးဆောင်ဂိုး ရသွားခဲ့၏။ 119 မိနစ်မှာ Merino က ခေါင်းတိုက် သွင်းယူသွားပေးခဲ့ခြင်း ဖြစ်၏။ အချိန်ပို နောက်ဆုံးမိနစ်မှာ Germany တိုက်စစ်မှူး Fullkrug အပိုင် ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးဘေးကနေ ကပ်ထွက်သွားခဲ့၏။

Germany တို့ ချေပဂိုး ရမယ့် အခွင့်အရေး ဆုံးရှုံးသွားခဲ့ရ၏။ ဆီမီးဖိုင်နယ် အိပ်မက်လည်း ဆက်လက် အသက်မသွင်းနိုင်တော့ဘဲ ကွားတားဖိုင်နယ်ကနေပဲ အိမ်ရှင်တို့ အိမ်ပြန်သွားခဲ့ရ၏။

မနက် 1 နာရီခွဲပွဲ ဖြစ်သည့် Portugal vs France တို့ ပွဲစဉ်ကိုတော့ ပထမပိုင်း တပိုင်း ကြည့်ခဲ့၏။ အတော်ပျင်းဖို့ ကောင်းလှ၏။ လက်ရှိ ဘယ်အသင်းသင်းပဲ တက်လာ တက်လာ သူတို့ ကစားပုံက Spain ကို ယှဉ်ကစားနိုင်ဖို့ မလွယ်ပေ။ နှစ်သင်းလုံးက ဘာလုပ်ချင် ဘာ ဖြစ်ချင်နေမှန်းကို မသိပေ။ မက်မောဖွယ်ရာ စွဲမက်ချင်စရာ ကစားကွက်၊ ကစားဟန်လည်း မရှိပေ။ ဘာဖျော်ဖြေမှုလည်း မရှိပေ။ ပထမပိုင်းပြီးသည်ထိ ဂိုး မရှိသရေ ကျနေ၏။ ကြည့်ရတာ ပျင်းလာပြီမို့ အိပ်လိုက်၏။

မနက် အိပ်ရာနိုး Result ကြည့်တော့ ပင်နယ်တီ အဆုံးအဖြတ် နှင့် France နောက်တဆင့် တက်သွား၏။ Ronaldo အတွက်တော့ စိတ်မကောင်းပေ။ ကွာတားဖိုင်နယ် အဆင့်ကနေပဲ နှုတ်ဆက်ခဲ့ရပြီ။ ကစားသမားဘဝ နောက်ဆုံး ပြိုင်ပွဲ၊ နောက်ဆုံးဖလား‌ဆိုပြီး အားခဲထားသည် မဟုတ်လား။ လက်ကျန်လောင်စာနဲ့ အစွမ်းကုန် တောက်လောင်ဖို့ သူ ပြင်ဆင်လာခဲ့ပေမယ့် ကံတရားက မျက်နှာသာ မပေးခဲ့ပေ။ ဒီ Euro မှာ 5 ပွဲကစားပြီး ဂိုးတဂိုးမှတောင် မရ၊ မသွင်းနိုင်ခဲ့ပေ။ ထိုအချက်က ပိုပြီးရင်နာဖို့ ကောင်းလှ၏။

ဆီမီးဖိုင်နယ် အဆင့်မှာတော့ Spain နှင့် France တို့ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။ ဒီနေ့ည 10 နာရီခွဲနှင့် နက်ဖြန်မနက် 1 နာရီခွဲတို့မှာ ကွာတားဖိုင်နယ် ပွဲစဉ် 2 ပွဲ ကစားသွားဖို့ ရှိနေ၏။ England vs Switzerland နှင့် Netherlands vs Turkiye တို့ ဖြစ်၏။

တဦးချင်း စွမ်းရည်မှာ England က သာပေမယ့် Teamwork မှာတော့ Switzerland က သာ၏။ England ကို ကြိုက်တာ မှန်ပေမယ့် Switzerland ကိုပဲ အားပေးတော့မည်။ ဒီပွဲမှာတော့ Switzerland ကို ပိုကြိုက်၏။ Netherlands vs Turkiye ပွဲမှာလည်း Turkiye ကိုပဲ ပိုကြိုက်၏။ ကျနော် မျှော်လင့်ထားသလိုသာ Switzerland ကော၊ Turkiye ကောသာ အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်သွားခဲ့မယ် ဆိုရင် Portugal ထွက်သွားခဲ့ရသည့် ဝမ်းနည်းမှုကို ဖာထေးနိုင်မည် ထင်ပါရဲ့။

(photos from Euro 2024 Facebook page)



0
0
0.000
0 comments