Welcome to Tooney Show

United က အနာပေးလိုက် ဆေးပေးလိုက်နဲ့။ တပတ် ပျော်ရလိုက် နောက်တပတ်ကြ ဝမ်းနည်းရပြန်နဲ့။ ဒီအသင်းက ဘာလွဲလို့ လွဲနေမှန်း၊ ဘာလိုလို့ လိုနေမှန်းကို မသိတော့ပေ။ မနေ့ညက Brighton ကို အိမ်ကွင်းမှာ 1-3 နဲ့ ရှုံးလေ၏။ Southampton ကို 3-1 နဲ့ နိုင် အပြီးမှာပေါ့လေ။ အဆိုပါ ပွဲတုန်းကလည်း နောက်ကနေ လိုက်ကစားရတာပါပဲလေ။ မိနစ် 80 နောက်ပိုင်းမှ ဂိုးတွေ ပြန်လိုက်သွင်းပြီး အနိုင်ကစားနိုင်ခဲ့လို့သာရယ်။ အဆိုပါပွဲက အပျော်လေးက ယခုပွဲမှာ ကုန်သွား ခဲ့လေပြန်၏။

ကိုယ် ဉာဏ်မှီသလောက်ကတော့ ပြဿနာက နည်းပြ မဟုတ် ကစားသမားတွေ ဖြစ်၏။ United ရဲ့ format မဟုတ်သည့် 3-4-3 အကွက်ကို ဇွတ် ဆက်ပုံဖော်နေသည် ဆိုပေမယ့်လည်း ကစားသမားတွေက နည်းပြ ချမှတ်ထားသည့် ပုံစံအတိုင်း ကစားရမည် မဟုတ်လား။ နည်းပြတွေ ဘယ်လောက် ပြောင်းပြောင်း ကစားသမားတွေက ဒီပုံစံ ဒီအတိုင်းပဲ ကစားနေကြတာကတော့ မဟုတ်သေးပေ။ အချိုးတွေ အကျင့်တွေ ပြင်ဖို့လိုပေမယ့် သူတို့က ဒုံရင်း ဒုံရင်းပင်။ အသင်းကို မြှင့်တင်ပေးရမယ့်သူတွေက အသင်းကို ပြန်ဆွဲချနေကြ၏။

မနေ့ညက ပွဲကလည်း အတော်ဆိုးဆိုးပင်။ ကစားသမားတွေ၏ လျော့တိလျော့ရဲ ကစားပုံကြောင့် ပြိုင်ဘက်ကို ဂိုးတွေ ခွင့်ပြုပေးခဲ့ရ၏။ ဒီကြားထဲ ဂိုးသမား Onana က သူ၏ ပုံစံဟောင်းတွေကို တဖန်ပြန်လည်လို့ ပြသနေပြန်။ လက်ဆောင်ဂိုး တဂိုး နှင့်အတူ Brighton ၏ နိုင်ပွဲကို ပို သေချာ သွားစေခဲ့တော့၏။ United တသင်းလုံး ရှေ့လယ်နောက် အကုန် ပြောစရာ ထောက်ပြစရာတွေ ချည်းပင်။ ပြောနေရင်လည်း ပြောရတဲ့သူသာ မောသွား ပေလိမ့်မည်။ နည်းပြကို အချိန်ပေးမယ် ဆိုရင်လည်း သူ့ စိတ်ကြိုက်ကစားသမားတွေ သူ့ နည်းစနစ်နဲ့ ကိုက်ညီမယ့် ကစားသမားတွေ ရှာပေး၊ ဝယ်ထားပေးဖို့တော့ လိုပေလိမ့်မည်။ ထိုသို့မှ မဟုတ်ရင်တော့ သကြားမင်း ဆင်းလာပြီး နည်းပြရင်တောင် ရမည် မဟုတ်ပေ။

အမျိုးသားအသင်းက မစွံပေမယ့် အမျိုးသမီးအသင်းကတော့ ဟုတ်နေ‌သား။ ဒီနေ့ မြန်မာစံတော်ချိန် မနက် 1 နာရီခွဲမှာ ကစားခဲ့သည့် WSL Round 11 မှာ Man City women အသင်းကို 2-4 ဂိုးဖြင့် အနိုင်ရသွားခဲ့၏။ ကျနော့် အသည်းကျော် Ella Toone လေးက Hat-trick ရယူသွားခဲ့၏။

ယခုပွဲစဉ်က Derby ပွဲစဉ် ဖြစ်သည့်အပြင် အနိုင်ရသည့်အသင်းက အမှတ်ပေးဇယား အဆင့် 3 နေရာမှာ ရပ်တည်ခွင့် ရမည် ဖြစ်၏။ ယခုပွဲ မတိုင်ခင်က United က အဆင့် 4 City က အဆင့် 3 နေရာမှာ ရပ်တည်နေခဲ့၏။ နိုင်ပွဲကြောင့် United တို့ အဆင့် 3 နေရာသို့ တက်လှမ်း လာနိုင်ခဲ့လေ၏။ အဆင့် 2 က Arsenal women အသင်းနဲ့ အမှတ်တူ (ဂိုးကွာခြားချက်ကြောင့်) ရရှိထားပြီ ဖြစ်၏။

(photos from Respective Facebook page)



0
0
0.000
0 comments