Road to Final
Spain vs France တို့၏ Euro 2024 ဆီမီးဖိုင်နယ် ပွဲစဉ်ကတော့ ကစားလို့ ပြီးသွားခဲ့ပြီ ဖြစ်၏။ Spain က France ကို 2-1 ဂိုးဖြင့် အနိုင်ယူပြီး ဖိုင်နယ်သို့ တက်လှမ်း သွားခဲ့၏။ ခုထိတော့ Spain အသင်း၏ ကစားပုံက တည်ငြိမ် လွန်းလှ၏။ အဓိက ကစားသမားအချို့ ဒဏ်ရာရ၊ ပွဲပယ်တွေ ခံထားရတာတောင် France ကို သူတို့ အကောင်းဆုံး ကစားပြသွားခဲ့၏။ ဒီနှစ် Euro ဖလားက Spain အတွက်ပဲ ထင်ပါရဲ့။ နို့ပေမယ့် ယတိပြတ်တော့လည်း ပြောလို့ မရသေးပေ။
ဖလားရယူဖို့ သူတို့ လက်တကမ်းအကွာမှာ ရောက်နေသည် ဆိုပေမယ့် တဖက်မှာ Netherlands vs England တွေ့ဆုံမှုကနေ အနိုင်ရသည့် အသင်းနှင့် နောက်ဆုံး အဆုံးအဖြတ်ကို သူတို့ ဖြတ်ကျော်ပြရပေလိမ့်ဦးမည်။ လူမစွမ်း နတ်မ ဆိုသည့် အတိုင်း England ၏ ကံကောင်းမှုကိုလည်း မေ့ထားလို့ မရပေ။ ခုချိန်ထိ ခြေစွမ်းကောင်း ပုံစံကောင်းတွေ မပြသထားနိုင်သေးပေမယ့် သူတို့ ဆီမီးဖိုင်နယ်ထိ ရောက်လာခဲ့ပြီ ဖြစ်၏။ ခုထိလည်း အသင်းကြီး တသင်းသင်းနဲ့ တွေ့ဆုံရတာမျိုးလည်း မရှိသေးပေ။ England အတွက် ယခုနှစ် Euro ခရီးစဉ်က အခြား အသင်းကြီးတွေထက် စာရင် လွယ်ကူလှပေ၏။
Spain vs France ပွဲမှာ Highlight လုပ်ပြချင်သည့် ကစားသမားကတော့ Spain လက်ရွေးစဉ် ကစားသမား Lamine Yamal ဖြစ်၏။ Barcelona အသင်းမှ ကစားသမား ဖြစ်၏ သူ့အသက်က 16 နှစ်သာ ရှိသေး၏။ အသက်ငယ် ပေမယ့် ခြေစွမ်း ခြေစကတော့ မငယ်လှပေ။ လူကြီးတွေနဲ့ အပြိုင် ကစားပြနေတာက တကယ့်ကို ဝါရင့် ကစားသမားကြီး တဦးနှယ်။ Euro ပြိုင်ပွဲ တလျောက် အကောင်းဆုံး ခြေစွမ်းတွေ ပြသထားသလို France နဲ့ ပွဲမှာလည်း အရေးပါသည့် ချေပဂိုးကို သွင်းယူ သွားပေးခဲ့သေး၏။ Euro ပြိုင်ပွဲကြီး နှင့်အတူ ယခင်ထက် သူ့ကို လူတွေ ပိုသိ ပိုအားပေးနေကြပြီ ဖြစ်၏။
နက်ဖြန် မနက်မှာတော့ Netherlands vs England တို့၏ ဆီမီးဖိုင်နယ် ပွဲစဉ် ရှိနေ၏။ နှစ်သင်းလုံးကတော့ သိပ်မထူးခြားလှပေ။ ခြေစွမ်းကောင်းတယ်လို့ ပြောဖို့ထက် ခြေစွမ်းတည်ငြိမ်တယ် ဆိုတဲ့ စကား သုံးပေးဖို့တောင် သူတို့ အနေအထားက စွဲမက်ဖွယ် မရှိနေပေ။ ကံပိုကောင်းနေသည့် England ပဲ နောက်တဆင့် တက်သွားမယ် ထင်ပါရဲ့။
Copa America ဖက်မှာတော့ Argentina က Canada ကို 2-0 ဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်သွားခဲ့ပြီ ဖြစ်၏။ သူတို့ နှစ်သင်းက အုပ်စု အဆင့်မှာလည်း ဆုံဖူး၏။ ထိုစဉ်ကလည်း 2-0 နှင့်ပဲ Argentina ကပဲ အနိုင်ရထားခဲ့၏။ Argentina အနေနဲ့ Uruguay vs Colombia ပွဲစဉ်က အနိုင်ရသည့် အသင်းနှင့် နောက်ဆုံး ဗိုလ်လုပွဲ ကစားရမည် ဖြစ်၏။ ထိုပွဲစဉ်က ရှုံးသည့် အသင်းနှင့် Canada အသင်းတို့ တတိယလုပွဲ ကစားရမည် ဖြစ်၏။
Netherlands vs England ပွဲထက်စာရင် Uruguay vs Colombia ပွဲစဉ်က ပိုပြီး ကြည့်ကောင်းပေလိမ့်မယ် ထင်၏။ Euro ပွဲ စောင့်မကြည့်တော့ဘဲ အစောအိပ်လိုက်ပြီး Copa America ပွဲပဲ ထကြည့်ရင် ကောင်းမယ်ထင်။
(photos from Euro & Copa America Facebook pages)