နောက်တကြိမ်ပေါ့

မနေ့က ၁၆ သင်းအဆင့် ရှုံးထွက် ပွဲစဉ်များ ကစား၏။ ကျနော်တို့မြို့မှာ အထိုက်အလျောက် နာမည်ရှိသည့် အသင်းနဲ့ တွေ့ရခြင်း ဖြစ်၏။ ဆိမီး အဆင့်၊ ဖိုင်နယ် အဆင့်တို့ကို တက်ရောက်နေကြ အသင်းတသင်းလည်း ဖြစ်၏။ ဘယ်အသင်းနဲ့ပဲ တွေ့တွေ့ အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်ကြဖို့ ကျနော်တို့ တသင်းလုံးက ဆုံးဖြတ်ထားပြီး ဖြစ်၏။ တကယ်လည်း အကောင်းဆုံး ကစားခဲ့ကြ၏။ နို့ပေမယ့် ငယ်ရွယ်မှုနှင့် ပြိုင်ပွဲ အတွေ့အကြုံ ပိုသာသည့် အသင်းကပဲ အနိုင်ရရှိသွားခဲ့၏။ 4-1 ဂိုးဖြင့် ကျနော်တို့ ရှုံးနိမ့်သွားခဲ့ရ၏။

ဂိုးပြတ်သွားခဲ့ပေမယ့် ခြေစွမ်းက အကွာကြီး မဟုတ်ပေ။ အကြိတ်အနယ် အပြန်အလှန် ရှိလှ၏။ ကျနော်တို့ဘက်က own goals တွေ ပေးလိုက်ရခြင်း ဖြစ်၏။ ကိုယ့်လူနဲ့ထိပြီး လမ်းကြောင်းပြောင်းတာတို့၊ အစိုးရိမ်လွန်ပြီး ဖြတ်ထုတ်မိရာကနေ ကိုယ့်ဂိုးကို ကိုယ် သွင်းယူမိသွားခြင်း ဖြစ်၏။ own goals ချည်းချည်း 3 ဂိုး ခွင့်ပြုလိုက်ရ၏။

ပထမပိုင်းမှာ သူတို့ ဦးဆောင်ဂိုး အရင် စသွင်း၏။ သိပ်မကြာခင်မှာ ကျနော်တို့က ချေပဂိုး ပြန်လည်သွင်းယူ၏။ ပထမပိုင်းမှာ 1-1 နဲ့ ပွဲပြီးသွားခဲ့၏။ ပွဲက အတော်လေး မြိုင်၏။ ဒုတိယပိုင်း ရောက်မှသာ သူတို့ဘက်က 3 ဂိုး ထပ်မံ ရရှိသွားခဲ့ခြင်း ဖြစ်၏။ တဖက်သတ် ဖိကစားရင်း ဂိုးတွေရသွားတာမျိုး မဟုတ်ပေ။ အပြန်အလှန် ကစားနေကြရင်းကနေမှ ဂိုးတွေ ပေးလိုက်ရခြင်း ဖြစ်၏။ ကျနော်တို့က ရရှိတဲ့ အခွင့်အရေးတွေကို ကောင်းစွာ အသုံးမချနိုင်ခဲ့ခြင်း ဖြစ်၏။

ကျနော်တို့ ပွဲစဉ်မှာ Man of the Match ဆုကို ပြိုင်ဘက် ဂိုးသမား ရရှိသွားတာကို ကြည့်ခြင်းဖြင့် ကျနော်တို့အသင်း၏ တဖက်အသင်းကို ချိန်းခြောက်နိုင်စွမ်းကို မြင်နိုင်ပေလိမ့်မည်။ မည်သို့ပင် ဆို‌စေကာမူ ရှုံးထွက် အဆင့်က ထွက်ခဲ့ရပေမယ့် အသင်းကို လူတွေ ပိုမိုပြီး သိသွားခဲ့လေ၏။ လျော့တွက်လို့ မရသည့် အသင်းတသင်း ဖြစ်ကြောင်း အားလုံးလည်း လက်ခံသွားကြလေ၏။ ပွဲအပြီးမှာ ဒိုင်လူကြီးတွေကတောင် ကျနော်တို့ အသင်းကို ချီးကျူးကြသည်အထိပင်။ လူငယ်တွေနဲ့ ယှဉ်ပြီး ခုလောက်ထိ ကစားနိုင်တာကို အံ့ဩမိသည်ဟု ပြောကြ၏။

မနေ့က ရှုံးထွက် ပွဲစဉ်တွေထဲမှာ ကျနော်တို့ ပွဲစဉ်တပွဲသာ ခြေရည်တူနဲ့ အကြိတ်အနယ် ရှိလှ၏။ ကျန်ပွဲတွေက ဂိုးပြတ် ခြေပြတ်တွေနဲ့ အတော်လေး ကွာဟမှုတွေ ရှိလေ၏။

(photos from Tai-Ger Sportswear Facebook page)



0
0
0.000
0 comments