လွတ်ဆိုမှ လွတ်
Euro ပြိုင်ပွဲကြီးကော၊ Copa America ပြိုင်ပွဲကြီးကော ပြီးဆုံးသွားခဲ့ပြီ။ ပြီးတော့လည်း တရက်ထဲကို ပြီးသွားခြင်း ဖြစ်၏။ ကြားထဲ ဘာပွဲမှ ကြည့်စရာ မရှိတော့ပေ။ တကယ်ဆို ရက်လေးခြားပြီး ကျင်းပကြရင် ကောင်းသား။ ဒါဆို ကျနော်တို့လည်း Euro ပွဲ သက်သက် Copa ပွဲ သက်သက် ဆိုပြီး အပီအပြင် အားပေးလို့ရ၏။ ခုက မနက် 1 နာရီခွဲ Euro ကြည့်ပြီး နည်းနည်းပဲ အိပ်ရသေး မနက်ခင်း 6 နာရီခွဲမှာ Copa ပွဲတွေ ကန်ပြန်ရော။ အိပ်လိုက်ရလား မအိပ်လိုက်ရလား မသဲမကွဲနဲ့ရယ်။
ဒါတောင် ကျနော်က 1 နာရီခွဲပွဲတွေ သိပ် မကြည့်ပေ။ ကြည့်ဖြစ်ခဲ့ရင်တောင် ပထမပိုင်းလောက်ပဲ ကြည့်ပြီး အိပ်ရာဝင်၏။ Copa ပွဲကတော့ မမှီပေ။ ကျနော် အိပ်ရာထချိန်က သူတို့ ကန်ပြီးသည့် အချိန် ဖြစ်နေတတ်၏။ Copa America ပွဲ ကောင်းကောင်းကြည့်လိုက်ရတာ ဆိုလို့ တပွဲသာ ရှိ၏။ ဒါတောင်ဒုတိယပိုင်းရောက်မှ ကြည့်ဖြစ်ခြင်း ဖြစ်၏။ အစောအိပ်ရာနိုးလို့ မှီသွားခြင်း ဖြစ်၏။ Argentina vs Colombia ပွဲဖြစ်၏။
အမှန်ဆို အဲ့နေ့က Euro ပြိုင်ပွဲ ကြည့်မလို့ ဖြစ်၏။ ထိုပွဲ မတိုင်ခင် ရှေ့တရက်က သီချင်းတွေ နားထောင် နေလိုက်တာ မနက်ခင်း 2 နာရီကျော် 3 နာရီဖြစ်သွားခဲ့၏။ ပွဲနေ့လည်း ရောက်ရော လူက အိပ်ချင်ချင်နဲ့။ အစောအိပ်လိုက်ပြီး 1 နာရီခွဲမှ ထကြည့်လို့ရ၏။ ဒါပေမယ့် ကျနော်က မနက် 12 နာရီခွဲမှ အိပ်ဖြစ်ပြီး Alarm ကို 1 နာရီခွဲပေးထားလိုက်၏။ Spain vs England ပွဲ ကြည့်မယ်ပေါ့။ Alarm တော့ မြည်နေပါလိမ့်မည်။ နို့ပေမယ့် ကျနော် မနိုးတော့ပေ။ မနက်ခင်း 8 နာရီလောက်မှပဲ နိုးလေတော့၏။ Copa America ဗိုလ်လုပွဲတောင် ပထမပိုင်း ပြီးနေခဲ့ပြီ။
Goals results သွားကြည့်တော့ Spain 2-1 England ဖြစ်၏။ ထင်ထားသည့် အတိုင်းပင်။ ကံကောင်းသည့် England လည်း ထပ် ကံမကောင်းနိုင်တော့ပေ။ ခြေစွမ်းကောင်းခြင်းက ကံကောင်းခြင်းကို အနိုင်ယူသွားခဲ့လေ၏။ 4 နှစ်မှ တကြိမ် ကျင်းပသည့် Euro ပြိုင်ပွဲကြီး၏ ဗိုလ်လုပွဲကိုမှ ကျနော် လွတ်သွားခဲ့ရလေ၏။ မနက်ခင်း 1 နာရီခွဲ ဖြစ်နေလည်း ကြည့်မယ်ကွာဟု တေးထားခါမှ အိပ်ပျော်သွားရတယ်လို့။
2020 တုန်းကတောင် ဗိုလ်လုပွဲ ကြည့်ခဲ့ရသေး၏။ အိမ်ရှင် England တို့ Italy ကို ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးသွားသည့် နှစ်ပေါ့။ အဲ့တုန်းကလည်း မနက် 1 နာရီခွဲပင်။ ဥပရော ပွဲစဉ်တွေကတော့ ကျနော်တို့ အာရှစံတော်ချိန်၊ မြန်မာစံတော်ချိန်နဲ့ တိုက်ရင် ညနက်တွေ မနက် အစောကိုမှ တကယ့် အစောပွဲတွေ ဖြစ်နေပေလိမ့်မည်။ England က ကစားသမားတွေ ကြေကွဲနေတာ မကြည့်လိုက်၊ မနှစ်သိမ့် ပေးနိုင် လိုက်သလို Spain ဖလားမြှောက်တာကိုလည်း အားမပေး ဂုဏ်မပြု လိုက်ရပေ။
Euro ဗိုလ်လုပွဲ လွတ်သွားပေမယ့် Copa America ဗိုလ်လုပွဲတော့ မှီခဲ့၏။ ဒါတောင် ဒုတိယပိုင်းမှ။ ဒါကိုတောင် Martinez ၏ အချိန်ပို အနိုင်ဂိုးကို လွတ်သွားခဲ့ရသေး၏။ (တူမလေး ရေချိုးလို့ သူ့ခေါင်းကို ရေခြောက်အောင် သုတ်ပေးနေချိန်မှာ အဆိုပါ သွင်းဂိုးကို လွတ်သွားခဲ့၏။ သို့ပေမယ့် Messi နှင့် Argentina ကို ဂုဏ်ပြု နိုင်ခဲ့သလို James Rodriguez နှင့် Colombia ကိုလည်း နှစ်သိမ့် ပေးနိုင်ခဲ့၏။ နို့ပေမယ့် Shakira ဖျော်ဖြေသွားတာကို ကျနော် ထပ်မံ လွတ်သွားခဲ့ရပြန်လေ၏။