Here Final 8

Euro 2024 ၏ ၁၆ သင်းဆင့် ပွဲစဉ်များ အားလုံး ကစားပြီးသွားခဲ့ပြီ ဖြစ်၏။ ကွာတားဖိုင်နယ် တက်ရောက်မည့် အသင်းတွေလည်း ထွက်ပေါ်လို့ လာခဲ့ပြီ ဖြစ်၏။ မနေ့ညနှင့် ဒီနေ့မနက်မှာ ကျန်ရှိနေသေးသည့် ၁၆ သင်းဆင့် ပွဲစဉ် နှစ်ပွဲ ကစား၏။ Netherlands က Romania ၀-၃ ဂိုးဖြင့် လည်းကောင်း၊ Turkiye က Austria ကို ၁-၂ ဂိုးဖြင့် အနိုင်ရပြီး ကွာတားဖိုင်နယ်သို့ ကိုယ်စီ တက်လှမ်း သွားကြပြီ ဖြစ်၏။

ကျနော်သဘောကျမိသည့် ၃ သင်းထဲက တသင်းကတော့ မရှိတော့ပေ။ အင်းလေ Austria နှင့် Turkiye ထိပ်တိုက် တွေ့နေမှတော့ တသင်းကတော့ ထွက်ရပေလိမ့်မည်။ ဆိုတော့ကာ ကျနော် သဘောကျသည့် အသင်း ၂ သင်းတော့ ကျန်နေပါသေး၏။ Turkiye နှင့် Switzerland ပေါ့။ ရှုံးထွက် ပွဲတွေ ဖြစ်လာခဲ့သည် နှင့်အညီ ၁၆ သင်း ဆင့်လိုပဲ ကွာတားဖိုင်နယ် ပွဲစဉ်တွေကလည်း ကြည့်လို့ ကောင်းမှာ အသေအချာပင်။

ကွာတားဖိုင်နယ် အဆင့်မှာတော့ အိမ်ရှင် Germany နှင့် Spain ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်အပြင် Euro 2016 ဗိုလ်လုပွဲမှာ ဆုံခဲ့ဖူးထားသည့် Portugal နှင့် France တို့ တွေဆုံမည် ဖြစ်၏။ ထိုပွဲစဉ် ၂ ခုကနေ အနိုင်ရသည့် ၂ သင်းက ဆီမီးဖိုင်နယ်မှာ တွေ့ကြမည် ဖြစ်၏။ တဖက်မှာတော့ Turkiye vs Netherlands နှင့် Switzerland vs England တို့ တွေ့ဆုံနေ၏။ ဒီဘက်မှာလည်း အနိုင်ရသည့် အသင်း ၂ သင်း ဆီမီးဖိုင်နယ်မှာ တွေ့ကြမည် ဖြစ်၏။

ကွာတားဖိုင်နယ် အဆင့် ပွဲစဉ်တွေကလည်း ခန့်မှန်းရ ခက်သည့် ပွဲစဉ်တွေ ဖြစ်နေခဲ့၏။ Germany vs Spain က ပြောရအခက်ဆုံးပင်။ လက်ရှိ Euro ပြိုင်ပွဲမှာ အားအကောင်းဆုံး နှစ်သင်းလည်း ဖြစ်နေ၏။ ခြေစွမ်းအားဖြင့် မကွာပေမယ့် အိမ်ရှင် အခွင့်အရေးအရ Germany ကတော့ ပိုသာ ပေလိမ့်မည်။ Portugal vs France မှာတော့ France က နည်းနည်း ပို အဆင်ပြေမည်။ CR7 သာ ဂိုးသွင်းနိုင်ခဲ့ရင် Portugal ကိုလည်း မျှော်လင့်ထားလို့ရသေး၏။ ဒိုလေး ဂိုးရအောင် ဒိုလေးချည်း လှိမ့်ပေးနေတာနဲ့ ကစားကွက် ပျောက်သွား နိုင်၏။ France တို့ Euro 2016 တုန်းက ရှုံးကြွေးကို ပြန်ဆပ်နိုင်မလားကတော့ စောင့်ကြည့်ရပေလိမ့်မည်။

Turkiye vs Netherlands ပွဲစဉ်မှာတော့ Teamwork ပိုကောင်းသည့် Turkiye ကို ပို သဘောကျမိ၏။ England vs Switzerland ပွဲစဉ်မှာတော့ ရွေးရခက်၏။ နှစ်သင်းလုံးက ကိုယ့်အကြိုက် အသင်းတွေ။ England ကိုက ယခင် ကတည်းက အားပေးလာခဲ့သည် ဆိုပေမယ့် လက်ရှိ England ကစားပုံက အဆင်မပြေနေပေ။ Slovakia နှင့် ပွဲတုန်းကဆို နောက်ဆုံးမိနစ် ရောက်မှ ကစားပုံ အနည်းငယ် ပြန် အဆင်ပြေသွားသည်ဟု ပြောလို့ရ၏။ ကံကောင်းလို့ ကွာတား ရောက်တာလို့ ပြောလို့ရမယ်ထင်။

ကံကောင်းလို့ မဟုတ်ဘူး ခြေစွမ်းကောင်းလို့ကွ ဆိုပြီး သက်သာပြချင်ရင်တော့ Switzerland ကို သူတို့ ဖြတ်ကျော်ပြနိုင်ဖို့ လိုမည် ဖြစ်၏။ ကွာတားဖိုင်နယ် ပွဲစဉ်များကိုတော့ July လ ၅ ရက်နေ့မှာ စတင်ကစား သွားမည် ဖြစ်၏။

(photos from Euro Facebook page)



0
0
0.000
0 comments