Golden Rice

ဒီကြားရက်ထဲမှာ Champion League, Europa League, Europa Conference League Quarter Final ပွဲစဉ်များ ယှဉ်ပြိုင် ကစားကြ၏။ Champion League ပွဲစဉ်တွေ အားလုံး အနိုင်အရှုံး ရလဒ် အဖြေပေါ်ခဲ့၏။ အိမ်ရှင်တွေ အနိုင်ရသည့် ပွဲစဉ်က 3 ပွဲနှင့် ဧည့်သည်အသင်း အနိုင်ရသည့် ပွဲစဉ်က 1 ပွဲ ထွက်ပေါ်ခဲ့၏။ Arsenal က အိမ်ကွင်းမှာ Real Madrid ကို 3-0 ဖြင့် လည်းကောင်း၊ Barcelona က Dortmund ကို 4-0 ဖြင့် လည်းကောင်း၊ PSG က Aston Villa ကို 3-1 ဂိုးဖြင့် လည်းကောင်း အသီးသီး ဂိုးပြတ် အနိုင်ရယူသွားခဲ့၏။ Bayern Munchen ကတော့ အိမ်ကွင်းမှာ Inter Milan အသင်းကို 1-2 ဖြင့် ရှုံးနိမ့် သွားခဲ့ရ၏။

Real Madrid, Dortmund & Aston Villa အသင်းတို့ အတွက် နောက်တဆင့် တက်နိုင်ဖို့က အနည်းငယ် ခက်ခဲသွားနိုင်၏။ 3 သင်းထဲမှာ အဆိုးဆုံးကတော့ Dortmund ဖြစ်၏။ 4 ဂိုးထိ ပေးထားရတာမို့ ပြန်လာနိုင်ဖို့က အတော်လေး ခက်ခဲသွားနိုင်၏။ Real Madrid ကလည်း သိပ်တော့ မလွယ်လှပေ။ ကိုယ့် အိမ်ကွင်းမှာ ပြန်ကစားရမှာ မှန်ပေမယ့် 4 ဂိုးပြတ် သွင်းနိုင်မှ နောက်တဆင့်ကို မှန်းလို့ရမယ် ဒါမှမဟုတ် 3 ဂိုး ပြတ် သွင်းနိုင်မှသာ အချိန်ပို၊ ပင်နယ်တီတွေ ဘာတွေ ဆက်သွားနိုင်မည် ဖြစ်၏။

Aston Villa ကတော့ မျှော်လင့်ချက် ခပ်ယေးယေး ရှိသေးသည် ဆိုလို့ရမည်။ အိမ်ကွင်းမှာ အနည်းဆုံး 2 ဂိုးအသာ ပြန်သွင်းနိုင်ရင် အချိန်ပို၊ ပင်နယ်တီတွေကနေ တဆင့် နောက်တဆင့် မှန်းလို့ရမည် ဖြစ်၏။ PSG က လွယ်ကူသည့် ပြိုင်ဘက် မဟုတ်ပေမယ့် အိမ်ကွင်းဆိုရင် ခြေစွာလေ့ ရှိသည့် Aston Villa မို့ ဒုတိယအကျော့ ပွဲစဉ်ကလည်း စိတ်ဝင်စား စရာပင်။

အိမ်ကွင်းမှာ 1-2 နဲ့ ရှုံးထားပေမယ့် Bayern Munchen အနေဖြင့်လည်း အခွင့်အရေး ရှိနေပါသေး၏။ Inter Milan ရဲ့ အိမ်ကွင်း ဆိုပေမယ့်လည်း Bayern Munchen သာ သေချာ ကစားမယ်ဆိုရင် ဘာမဆို ဖြစ်သွားနိုင်သေး၏။

Barcelona ကော၊ Arsenal ကော ပြိုင်ဘက်တွေကို ဂိုးပြတ် နိုင်တာခြင်း တူပေမယ့် လူပြော ပိုများသွားတာကတော့ Arsenal vs Real Madrid တို့၏ ပွဲစဉ် ဖြစ်၏။ ပြောစရာ အကြောင်းကလည်း ရှိနေသည်ကိုး။ Rice ၏ free kick သွင်းဂိုး 2 ဂိုးက တော်တော်ကြီးကို လှပ သေသပ်လွန်းလှ၏။ မသိရင် Beckham များ ဝင်ကန်သွားသလား‌ဟု ထင်ရ၏။ မှော်ဝင်ဆန်းပြား တော်ဝင်ဂန်းနာ တို့ အတွက် ရွှေထမင်းလေးက အဟုတ်တကယ် စွမ်းဆောင် ပြသွားခဲ့၏။

UCL King လို့တော့ ပြောတာပဲ ထင်သလောက်လည်း မခက်ပါဘူးဆိုပြီး လေတွေတိုက်နေကြပြီ ဖြစ်၏။ တိုက်လည်း တိုက်ချင်စရာ။ Real Madrid က တပွဲလုံး မယ်မယ်ရရ လောက်လောက်လားလား လုပ်ပြနိုင်ခဲ့တာမျိုး မရှိပေ။ Real Madrid ဂိုးသမားသာ အပိုင်အလုံးတွေကို မကာကွယ်နိုင်ခဲ့ရင် ယခုထက်တောင် ဂိုးပိုလို့ ပြတ်သွားနိုင်။ UCL King ကြီး ဒုတိယအကျော့မှာ ပြန်လာနိုင်မလားကတော့ စိတ်ဝင်စားစရာပင်။

(photos from Champion League Facebook page)



0
0
0.000
4 comments